အရာတော် ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ဆရာစံခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးက ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းတို့ကို ဟောပြောဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးနှင့် ပတ်သက်သည်များကို ဟောပြောဆွေးနွေးခဲ့ပြီး မြို့နယ်အမျိုးသမီးရေးအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား အမြင်အာရုံစစ်ဆေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်