ကျွန်းလှမြို့နယ်၌ ကျွဲ၊ နွား တိရစ္ဆာန်အစာ ဧက ၂၆၀၀ ကျော်စိုက်ပျိုးမည်

ကျွန်းလှ ဇွန် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် လယ်ယာ‌မြေလုပ်ငန်းခွင်အတွက် ကျွဲ၊ နွားများကို မွေးမြူလျက်ရှိရာ ယခုနှစ် မိုးရာသီ တိရစ္ဆာန်အစာ ဧက ၂၆၀၀ ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ကျွန်းလှမြို့နယ်မှာ ဒီနှစ် မိုးရာသီ ကျွဲ၊ နွား တိရစ္ဆာန်အစာ စိုက်ပျိုးဖို့ ၂၆၄၈ ဧကလျာထားပါတယ်။ အခုအခါ စိုက်ပျိုးနေကြပြီး လျာထားချက်ပြည့်မီအောင် စိုက်ပျိုးကြဖို့နဲ့ လယ်ယာမြေကထွက်ရှိတဲ့ တိရစ္ဆာန်အစာများကို စုဆောင်းထားကြဖို့ တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ ကျွဲ၊ နွား တိရစ္ဆာန်အစာ စိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့များရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှုကင်းစင်ရေး၊ အောင်မြင်ဖြစ်ထွန်းရေးတို့အတွက် စိုက်ပျိုးရေးနည်းပညာများ ဆောင်ရွက်ပေးလျက်ရှိသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် အခြားသီးနှံများ စိုက်ပျိုးကြသည့်အပြင် တိရစ္ဆာန်အစာများ စိုက်ပျိုးကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ