ကလေး ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ (၁၀) တွင် ယမန်နေ့ ၁၂ နာရီ ၄၅ မိနစ်အချိန်က ဆိုလာပြားတပ်ဆင်ထားသည့် ဘတ္ထရီအိုးအပူလွန်ကဲရာမှ ပေါက်ကွဲပြီး ကြမ်းပြင်သို့ မီးကူးစက်ရာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ရာနေရာသို့ ကလေးခရိုင်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဘိုဘိုဝင်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်(၈)ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးမ ဦးအောင်ကိုဌေးနှင့်တပ်ဖွဲ့ဝင် (၈)ဦး၊ တာဟန်း နယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမိုးမင်းဝင်း ဦးဆောင်သည့် တပ်ဖွဲ့ဝင် (၄) ဦးတို့က မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ကြရာ မွန်းလွဲပိုင်း ၁ နာရီ ၁၀ မိနစ် အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် နေအိမ်အပေါ်ထပ်နှင့် စုဘူးသေတ္တာအတွင်းရှိ ပိုက်ဆံများ၊ ဆိုလာပြား (200)W၊ ဘတ္တရီအိုး (70) W ၁ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)