ငဖဲမြို့နယ်  လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ငဖဲ ဇွန် ၂၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို  ဇွန်လ ၂၃ ရက်နေ့  မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်၊ ဗလငါးတန်ဖွံ့ဖြိုးရေးအကြောင်းသိကောင်းစရာများ၊ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ကျောင်းစာသာမက သုတရသ စာအုပ်စာပေကောင်းများကို လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြော ကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်းက ဦးဆောင်ဆွေးနွေးသူ အဖြစ်ဆောင်ရွက်ပြီး  Grade - 8  မှ  မဖြူနှင်းဝင့်ထယ်က အသွင်သစ်မူးယစ်ဆေးဝါးအန္တရာယ်၊ Grade - 8မှ မအိပိုးဖြူက မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများ၊ Grade- 8 မှ မဇွန်ရည်ထက်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် Grade - 8 မှ မမေရီအမ်က ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေးစသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်းသား/သူများဖြင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသော ကျောင်းသူလေးဦးအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး  ပြသထားရှိသော ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)