သဲကုန်းမြို့နယ်၊ အင်းမ-ဆင်မြီးဆွဲလမ်း အဆင့်မြှင့်တင်ရန်အတွက် လမ်းနယ် ပေ ၃၀ ရရှိရေး ကွင်းဆင်း ဆောင်ရွက်

သဲကုန်း  ဇန်နဝါရီ  ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမ-ဆင်မြီးဆွဲလမ်း အဆင့်မြှင့်တင်ရေး အတွက် လမ်းနယ် ပေ ၃၀ ရရှိ ရေးကို ယမန်နေ့က တာဝန်ရှိသူ များ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းထိုက်၊ မြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ AEဒေါ်ယဉ်လဲ့လဲ့ကျော်နှင့် တာဝန်ရှိသူ များသည် သဲကုန်းမြို့နယ်၊ ရေတာရှည်ကျေးရွာတွင် ကျေးသား၊ တံခွန်တိုင်၊ ထန်းပင်မှော် ကျေးရွာများမှ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ကျေးရွာသူ ကျေးရွာသား များနှင့် တွေ့ဆုံ၍ Class A အဆင့်ဝင် အင်းမ-ဆင်မြီးဆွဲ(၁၆ မိုင် ၆ ဖာလုံ)လမ်းကို လမ်းအကျယ်အဝန်း သတ်မှတ် စံနှုန်း အတိုင်း ဖော်ထုတ်နိုင်ရေးအတွက် လမ်းနယ် ပေ ၃၀ ရရှိရေး တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

ထို့နောက် အဆိုပါအဖွဲ့သည်သဲကုန်းမြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ချောင်းနား(စျေးချောင်း)ကူး ကွန်ကရစ်တံတား တည်ဆောက် ရေးလုပ်ငန်း ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)