မအူပင် ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ် (၅) ရပ်ကွက်၊ ကမ်းနားလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက အရန်သားဖွား ဆရာမများ လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ဦးစွာ မအူပင်မြို့နယ်ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မှ အရန်သားဖွားဆရာမများလုပ်ငန်း ဆောင်ရွက်ခြင်းဆိုင်ရာအခမ်းအနား အောင်မြင်စွာ ဖွင့်လှစ်နိုင်သည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ သင်တန်းသူများအနေဖြင့် သင်ခန်းစာများအား ဂရုတစိုက်လေ့လာမှတ်သားပြီး မိမိတို့ဒေသပြန်ရောက်သည့်အခါ မိခင်နှင့်ကလေး သေဆုံးမှုနှုန်းအားလျှော့ချရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်ကြိုးစားပေးကြရန် တိုက်တွန်းလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်လှဌေးမှ သင်တန်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်မှ အရန်သားဖွားဆရာမများ၏ လုပ်ငန်းစဉ်များနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များဖြစ်သည့် လက်လှမ်းမီစေရန်၊ အသက်ကယ်တင်ရန်၊ ကွန်ရက်ခိုင်မာရန်စသည့်အချက်များ အားရှင်းလင်းပြောကြားပြီး သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့မှဦးဆောင်၍ အရန်သားဖွားဆရာမ (၃၁) ဦးနှင့် ဆွေးနွေးပွဲဆောင်ရွက်သည်။
အဆိုပါဆွေးနွေးပွဲသို့ မအူပင်မြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်လှဌေး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်နှင့် ဝန်ထမ်းများ၊ မအူပင်မြို့နယ်အတွင်းရှိ အရန်သားဖွားဆရာမ (၃၁) ဦးနှင့် အသင်းအဖွဲ့များတက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကာလမှာ ဇွန်လ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ထိ (၅) ရက်တာကာလဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်ဆက်)