ပြည် ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ စာပေဗဟုသုတကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့၊ အ.ထ.က (၃) မြတ်ရတနာပန်းခင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲနီထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစည်သူအောင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ပြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန (အား/ကာ) မှ တာဝန်ရှိသူတစ်ဦးက အားကစားဆိုင်ရာများ အသိပညာပေးခြင်းကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် "လူငယ်စကားဝိုင်း" အစီအစဉ်ကို ဆက်လက်ကျင်းပရာ ခေါင်းစဉ်ကဏ္ဍအလိုက် အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးရာတွင် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးနှင့် မြို့နယ်ပညာရေးမှုးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြဦးတို့က စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်ပြီး Grade - 11 မှ မထက်ထက်ဝင့်ဖြူက "လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ချစ်ချစ် "လူငယ်နှင့် အားကစား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရွှန်းလဲ့ဦးက "လူငယ်နှင့် စာပေ" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး Grade - 10 မှ မောင်အေးချမ်းနိုင်က "လူငယ်နှင့် ဆိုရှယ်မီဒီယာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခင်သက်ထားကျော်က "လူငယ်နှင့် သဘာဝပတ်ဝန်းကျင်" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါလူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲနီထွန်းက အမှတ်တရဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုကြကြောင်း သိရသည်။
ဝဏ္ဏထွန်း(ပြန်/ဆက်)