လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြင့်တင်ရေး (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

လိပ်သို ဇွန် ၂၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် စာရေးဆရာမ ခင်စောတင့် ရေးသားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁  နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်(၃)အင်အားပြ နော်ဖလောရင်းဟန်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာဖတ်ခြင်းအားဖြင့် ဘဝတွက်တန်ဖိုးရှိသော အသိများရနိုင်ခြင်း၊ စာဖတ်ခြင်းသည် စိတ်ကိုခွန်အားဖြစ်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများ ဖတ်ရှုလေ့လာရန်လိုအပ်ကြောင်း၊ စာဖတ်ဝိုင်း‌ဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားသည်။ 

ထို့နောက် စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်ဆုဝတီထိုက်က “ အချိန်အခါကိုသိပါ" ခေါင်းစဉ်အောက်မှ ဘဝမှာကြုံတွေ့ရတဲ့ ကံမကောင်းခြင်း၊ အဆင်မပြေခြင်းတွေဟာ အချိန်အခါကိုမချိန်ဆတတ်လို့ လွဲချော်ခဲ့ကြရတာ ဖြစ်ကြောင်း၊ လူတိုင်းရဲ့ အိမ်ထောင်ရေး၊ အလုပ်အကိုင်၊ သူတစ်ပါးနဲ့ ဆက်ဆံရေးတွေမှာ အချိန်အခါကိုသိခြင်းဆိုတဲ့ နည်းနာကို သိရှိလျှင် အောင်မြင်ပျော်ရွှင်ခြင်းကို လိုက်ပြီးရှာဖွေဖို့လိုတော့မှာမဟုတ်ကြောင်းစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

စာရေးဆရာမ ခင်စောတင့် ရေးသားသော “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်အားဖတ်ရှုခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ၊ လူငယ်များသည် ဦးတည်ချက်တိုင်းအတွက် အချိန်ဆိုတာ အမြဲရှိသလို အချိန်အခါကို သိရှိဖို့သာလိုကြောင်းသိရသည်။

နော်ဖလောရင်း