ဇီးကုန်း ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်မှု ဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ရပ်မိရပ်ဖ ကြီးကြပ်ရေးအဖွဲ့က မော်ရကျေးရွာအုပ်စုနှင့် ရွှေကြို့ပင် ကျေးရွာအုပ်စု သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှု လုပ်ငန်းများ လုပ်ကိုင်ပုံအဆင့်ဆင့်၊ ကြီးကြပ်ရေး ကော်မတီ ရွေးချယ်ပုံအဆင့်ဆင့်နှင့် ကြီးကြပ်ရွေးချယ်ရာတွင် သတ်မှတ်ချက် (၉)ချက်နှင့်အညီ ရွေးချယ်ဆောင်ရွက်ရန်၊ ရွေးချယ်ဆောင်ရွက်ရာတွင်လည်း ဒီမိုကရေစီစံနှုန်းများ အများ ဆန္ဒနှင့်အညီ ရွေးချယ်ရန်နှင့် ရွေးချယ်ပွဲများပြုလုပ်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန်တို့ကို ဆွေးနွေး ပြောကြားသည်။
အဆိုပါ အသိပညာပေးဆွေးနွေးခြင်းများကို မော်ရအုပ်စု/ ရွှေကြို့ပင်အုပ်စု/ သင်ကန်အုပ်စု၊ ရွာဝိုင်းကြီးအုပ်စု/ ဘုရားကြီးကုန်း အုပ်စု များသို့ ယနေ့တွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း နှင့် ဇီးကုန်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ အုပ်စု (၃၄)အုပ်စုသို့ ဆက်လက် ကွင်းဆင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)