ပဲခူး ဇန်နဝါရီ ၂၁
လူမှုဖူလုံရေးအဖွဲ့ရုံး၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုများထဲမှ ကျန်းမာရေးကဏ္ဍတွင် အာမခံ အလုပ်သမားများ အဆင်ပြေစွာ ကုသနိုင်ရေးအတွက် ဇန်နဝါရီလ(၂၁)ရက်နေ့ နံနက်(၉:၃၀)အချိန်က တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၌ စာချုပ် ချုပ်ဆိုထားသော ပုဂ္ဂလိက ဆေးခန်းများကို ပထမအရစ်ငွေပေးချေခြင်းဆောင်ရွက်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးတွင် လူမှုဖူလုံရေးဆေးပေးခန်း(၁၅)ခန်းရှိပြီး ပဲခူးမြို့အနေဖြင့် ဆေးပေးခန်း(၃)ခန်းဖြင့် ကုသပေးလျက် ရှိရာ အာမခံအလုပ်သမားများ ကျန်းမာရေး ကဏ္ဍပိုမိုအဆင်ပြေစေရန် ပြင်ပပုဂ္ဂလိကဆေးခန်း(၂)ခန်းအား (၁)နှစ် စာချုပ် ချုပ်ဆိုကာ ပိတ်ရက်မရှိကုသပေးနိုင်ရန် ဆောင်ရွက်ထားကြောင်းသိရသည်။
ပဲခူးမြို့တွင် စက်ရုံ၊အလုပ်ရုံများမှ အာမခံ အလုပ်သမား(၆၀၀၀၀)ဦးခန့်ရှိပြီး စာချုပ်ချုပ်ဆို ထားသော ပြင်ပပုဂ္ဂလိ က ဆေးခန်းများနှင့် အနီးပတ်ဝန်းကျင်မှ အလုပ်သမားများ ကုသနိုင်ရန် ရည်ရွယ်ထားပြီး အာမခံအလုပ်သမားများ ကျန်းမာရေး ကောင်းမွန်မှ အလုပ်ရှင်နှင့် နိုင်ငံ၏စီးပွားရေးပါအဆင်ပြေမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအနေဖြင့် အာမခံ အလုပ်သမား များ၏ အကျိုးခံစားခွင့်များကို အပြည့်အဝရရှိနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
ဟိန်းထက်(ပဲခူး)