မြဝတီ ဇွန် ၂၂
နိုင်ငံတော်၏ သယံဇာတများရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ ဒေသရာသီဥတုနှင့်ကိုက်ညီသည့် အရိပ်ရသစ်ပင်များနှင့် ရာသီဥတုကောင်းမွန်လာစေရေးတို့အတွက် အထောက်အကူပြုနိုင်စေရန်၊ အဖိုးတန် ဂေဟစနစ်များမပျောက်ပျက်အောင် စောင့်ရှောက်နိုင်စေရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ မဲကနယ်ကျေးရွာအုပ်စုရှိ မြဝတီမြို့နယ် ကုန်သွယ်ရေးဇုံတွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင် ကစိန်ပန်းပင်၊ ခရိုင်ရဲတပ်ဖွဲ့၊ ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်းက ခရေပင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင် ကပိတောက်ပင်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ကျော်သန်းက ကံ့ကော်ပင်၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးတင့်က ယမနေပင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက ဗန်ဒါပင်တို့ကို ဦးဆောင်စိုက်ပျိုးခဲ့ကြပြီး သတ်မှတ်နေရာများ၌ စိုက်ပျိုးမည့်ပျိုးပင်များကို ပေးအပ်ခဲ့ရာ တာဝန်ရှိသူအသီးသီးတို့မှ လက်ခံရယူခဲ့ကြကာ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထိုသို့စိုက်ပျိုးရာ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်သစ်တောဦးစီးဌာနမှ ယဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရတနာ ဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်မင်းမေ သဲဝါအေးနှင့်အဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများက သတ်မှတ်နေရာများတွင် ပျိုးပင်များကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ခရိုင်သစ်တောဦးစီးဌာနက စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး စုစုပေါင်းတက်ရောက်အင်အား (၄၉၀)ဦးတို့က ကျွန်းပင် (၁၀)ပင်၊ ပိတောက်ပင် (၁၀)ပင်၊ ခရေ(၂)ပင်၊ ကံ့ကော် (၃)ပင်၊ ဟော်ဂနီပင် (၂၅)ပင်၊ ယမနေပင်( ၂၅)ပင်၊ ဗန်ဒါ ပင်(၃၀)ပင်၊ စိန်ပန်း (၃၀)ပင် မန်ဂျန်ရှားပင် (၃၇၀)ပင် စုစုပေါင်း (၅၀၅)ပင် ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)