ပဲခူး ဇန်နဝါရီ ၂၁
ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဇန်နဝါရီလ(၂၀)ရက်နေ့ ညနေ(၃:၃၀) အချိန်က ပဲခူးခရိုင် ဝေါမြို့နယ်အတွင်းရှိ မိုးယွင်း ကြီး အင်းရမ်ဆာရေဝပ်ဒေသဘေးမဲ့တော၌ သဘာဝသယံဇာတ များကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ သတိပေး တားမြစ်နိုးဆော်ချက် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်း ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် ဒေသမျိုးရင်းမဟုတ်သည့် အာဖရိက ငါးခူ၊ ပြည်ပငါးရံ့၊ ပြည်ပမျိုးစိတ် အလှမွေးငါး(ပီးကော့)၊ စုပ်ခွက်ငါး စသည့်ငါးမျိုးစိတ်များ ပျံ့နှံ့ဝင်ရောက်ပါက ဒေသငါးမျိုးရင်းကိုစားသုံးခြင်း ခံရပြီး မျိုးတုန်းခြင်း အန္တရာယ်ကို ရင်ဆိုင် ရနိုင်ကြောင်း၊ အလှမွေးမြူသော စုပ်ခွက်ငါးအန္တရာယ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် မြစ်ချောင်းများအတွင်းပျံ့နှံ့နေခြင်းကြောင့် စုပ်ခွက်ငါးပျံ့ပွါးမှုမရှိအောင် ပဲခူးခရိုင်အတွင်း အသိပညာ ပေးပိုစတာများ စိုက်ထူလျက်ရှိကြောင်း၊ ဆည်မြောင်းရေထိန်းတံခါးများမှလည်း အဆိုပါငါးများပျံ့နှံ့ဝင်ရောက်လာပါက ထိန်းသိမ်းနိုင်ရေး မိုးယွင်းကြီးအင်း ရမ်ဆာရေဝပ်ဒေသ ဘေးမဲ့တောမှ တာဝန်ရှိသူများနှင့် အချိန်ပိုင်း ငါးဖမ်း၍ ဝမ်းစာရှာသော ဒေသခံ ပြည်သူ များအား သိရှိစေရန်နှင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပဲခူးခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူကပြောကြားသည်။
ဟိန်းထက်(ပဲခူး)