ကော့ကရိတ် ဇွန် ၂၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းရှိ အိမ်ထောင်စု(၃၀၀)စုအား သထုံလူမှုရေးအသင်းမှ ဆန်အိတ် (၁၅၀) အိတ် ထောက်ပံ့လှူဒါန်းပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ် (၇) ရပ်ကွက်၊ ဒေါနလမ်းရှိ၊ မြို့နယ်သမ ဝါယမဂိုထောင်၌ အိမ်ထောင်စုများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာက လာရောက်ကြသည့် အိမ်ထောင်စုများအား အားပေးစကား ပြောကြားခဲ့ပြီး လှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆန်အိတ်များ လှူဒါန်းပေးရာ ကော့ကရိတ်မြို့ပေါ် (၇) ရပ်ကွက်အတွင်း နေထိုင်ကြသည့် နာတာရှည်၊ မသန်စွမ်း၊ အသက် (၂) နှစ်အောက်၊ အမျိုးသမီးဦးဆောင် အိမ်ထောင်စုများဖြစ်ကြသည့် အိမ်ထောင်စု (၃၀၀) စုတို့အား အိမ်ထောင်စုတစ်စုလျှင် ဆန် (၁၂) ပြည်နှုန်းဖြင့် လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
အဆိုပါ ဆန်များ လှူဒါန်းပေးမှုတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာနှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)