အမာ ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ (၁)ရပ်ကွက်ရှိ ခွါညိုလမ်းတွင် အမာမြို့ စည်ပင်သာယာရေးအဖွဲ့ရုံးမှ အုတ်ရေမြောင်းတစ်ခုကို ဇန်နဝါရီလ (၁၈)ရက်နေ့မှ စ၍ပြုလုပ် လျက်ရှိကြောင်း သိရသည်။
အုတ်ရေမြောင်းကို အမာမြို့စည်ပင်သာယာရေးအဖွဲ့မှ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး အလျား(၁၆၅)ပေ၊ အကျယ်(၃)ပေ (၃)လက်မ၊ အမြင့်(၄)ပေရှိကြောင်း သိရသည်။
အမာမြို့၊ (၁)ရပ်ကွက် ကမ်းနားဘက်ခြမ်းရှိ ရပ်ကွက်များအတွင်း မိုးတွင်းကာလ ဒီရေမြင့်တက်၍ ရေဝပ်ခြင်းများဖြစ်ပေါ် တတ်သဖြင့် ယခုပြုလုပ်လျက်ရှိသော အုတ်ရေမြောင်း တည်ဆောက်ပြီးစီးပါက ရေစီးရေလာ ကောင်းမွန်လာမည်ဖြစ်ပြီး ကျန်းမာရေးနှင့် လူနေမှုဘဝ ဖွံ့ဖြိုးသာယာလာမည် ဖြစ်ကြောင်းကို အမာမြို့၊ စည်ပင်သာယာရေးအဖွဲ့ရုံးမှ အင်ဂျင်နီယာ ကိုမင်းဇော်ဦးထံမှ သိရသည်။
နော်လေး(အမာ)