ကျွန်းလှမြို့နယ်၌ ယခုနှစ်မိုးရာသီစိုက်ပျိုးသော မိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျွန်းလှ ဇွန် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဟင်းသီး ဟင်းရွက်နှင့် အခြားသီးနှံများစိုက်ပျိုးကြရာ မိုးမြေပဲ စိုက်ခင်းများ အောင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

 “ကျွန်တော် ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲကို မိုးရာသီနဲ့ ဆောင်းရာသီမှာ စိုက်ပျိုးပါတယ်။ ဒီနှစ် မိုးရာသီမှာ မေလကစတင်ပြီး မြေပဲသုံးဧက စိုက်ပျိုးထားပါတယ်။ အခုအခါ မြေပဲစိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းနေပါတယ်” ဟု မိုးမြေပဲစိုက်တောင်သူတစ်ဦးက ပြောသည်။

အဆိုပါမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းစေရန် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ တာဝန်ရှိသူများက ပိုးမွှားကျရောက်မှု ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ သဘာဝအားဆေး၊ ပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေး၊ ဘက်စုံကာကွယ်ရေးနည်းစနစ်များ ကွင်းဆင်းအသိပညာပေးချက်ရှိသည်။

ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများသည် မိုးကောင်းသောက်ဖြစ်သော်လည်း ချောင်းရေ၊ မြောင်းရေ၊ မြေအောက်ရေတင်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်ကြကြောင်း၊ ယခုနှစ် မိုးရာသီ၌ မြေပဲစိုက်ပျိုးရန် ၇၅၈၂ ဧက လျာထားကြောင်း၊ လက်ရှိအချိန်အထိ ၃၈၈၂ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ