ရိခေါ်ဒါရ် ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုအဖြေမှာ ရောဂါပိုးမတွေ့ရှိ

ရိခေါ်ဒါရ်       ဇန်နဝါရီ     ၂၁

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ချို့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခြင်းကြောင့် ကျန်းမာရေးဝန်ထမ်း များအား တိုက်နယ်ဆေးရုံ၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ၍ တိုက်နယ်ဆေးရုံအား ခေတ္တပိတ်ပင်ထားခဲ့ရာ စောင့်ကြည့်ထားရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ၏ ဆေးစစ်ဆေးမှု အဖြေထွက်ရှိရာကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိ ကြောင်း သိရသည်။

ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းတစ်ချို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခြင်း ကြောင့် ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံအား ဇန်နဝါရီလ ၁၇ ရက်နေ့မှစ၍ ခေတ္တပိတ်ပင်ထားခဲ့ခြင်း ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် ကျန်းမာရေးဝန်ထမ်းတို့နှင့် ထိတွေ့မှုရှိနိုင်သည့် အခြားကျန်းမာရေးဝန်ထမ်း(၉)ဦးတို့နှင့် မိသားစုဝင်(၃)ဦး၊ ပုဂ္ဂိုလ် (၁၂) ဦးတို့အား တိုက်နယ် ဆေးရုံ၌ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိခဲ့ရာ အဆိုပါကျန်းမာရေးဝန်ထမ်းနှင့် မိသားစုဝင် ၁၂ ဦးတို့၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် Swab နမူနာကို တီးတိန်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ Contact Case အားလုံးအဖြေမှာ ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိ (All Negative) ကြောင်း ရိခေါ်ဒါရ်မြို့တိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာစန်းမာထံမှ သိရသည်။

အဆိုပါ ကျန်းမာရေးဝန်ထမ်းနှင့်အတူ မိသားစုဝင် ၁၂ ဦးတို့အား မိမိတို့နေအိမ်အသီးသီးသို့ Home Quarantine (၇)ရက် ဆက်လက်စောင့်ကြည့်ရန် စေလွှတ်ထားပြီး ရိခေါ်ဒါရ်တိုက်နယ် ဆေးရုံအား ပိုးသတ်ဆေးဖျန်းထားကာ ယနေ့နံနက်ပိုင်းမှစ၍ ပြည်သူများ ကျန်းမာရေးစောင့်ရှောက် ကုသနိုင်ရေးအတွက် ပြင်ပလူနာကုသခြင်းလုပ်ငန်းကို ပြန်လည်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)