ကရင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးသင်တန်းကျောင်း RCC(၂)ထပ်အဆောက်အဦပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကျင်းပ

ဘားအံ ဇွန် ၂

ကရင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးသင်တန်းကျောင်း(အစည်းအဝေးခန်းမအပါအဝင်) RCC(၂)ထပ် (၆၀ပေ x ၃၂ပေ) အဆောက်အဦ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက် သဇင်လမ်းရှိ အဆိုပါအဆောက်အဦတည်ဆောက်မည့်မြေနေရာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများတက်ရောက်၍ ပန္နက်ရိုက်မင်္ဂလာကို ဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်စာရင်းစစ်ချုပ်ဦးအောင်စိုးတို့က ပန္နက်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်လာကြသော တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ သတ်မှတ်နေရာ အသီးသီးတွင် နေရာယူကြပြီး မင်္ဂလာအချိန်တွင် ရတနာပန္နက်တော်များကို စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။

အဆိုပါအဆောက်အဦကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၄၄၂ ဒဿမ ၄၀၀  သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃)က တာဝန်ယူတည်ဆောက် သွားမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မင်္ဂလာပန္နက်တော်တင်အခမ်းအနားတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ အဆောက်အဦ ဆောက်လုပ်မည့် ပရဝုဏ်အတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးကာ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ စိုက်ပျိုးရေး ဝင်း၊ စိန်းပန်းပြာလမ်းနှင့်သဇင်လမ်းဆုံနေရာတွင် 60 KW AC.DC Charger ၄လုံးနှင့် 400 Kva ထရန်စဖော်မာ တစ်လုံးတပ်ဆင်၍ မော်တော်ယာဉ် ၈ စီးခန့် တစ်ပြိုင်နက်အားသွင်းနိုင်သော EV Chatging Station Level 3 တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)