ဖျာပုံ ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး အိမ်တွင်းတစ်ပိုင်တစ်နိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းအဖြစ် သီးနှံအခြေခံ ယို၊ ဖျော်ရည်အမျိုးမျိုးနှင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းအချိန်က ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ ကျင်းပသည်။
အဆိုပါသီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲတွင် ဖျာပုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လတ်လတ်ဝင်းနှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင်းယုတို့က သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချပေးလိုက်သော သင်ခန်းစာများကို သေချာစွာလေ့လာမှတ်သားထားဖို့လိုကြောင်း ပြောကြား သည်။
ထို့နောက်သင်တန်းတွင် ထူးချွန်သူ (၃) ဦးအား သင်တန်းအထောက်အကူ ပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြရာ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေး၊ ခရိုင်အသးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လတ်လတ်ဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ပေးအပ်ကြရာ သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူကြသည်။
အဆိုပါသင်တန်းတွင် သင်္ဘောသီးယို၊ နာနတ်ယိုနှင့် နာနတ်ဖျော်ရည်၊ ခရမ်းချဥ်သီးယို၊ မကျီးဖျော်ရည်၊ သံပုရာဖျော်ရည်၊ ဇီးယို၊ ဂျယ်လီအစိုအခြောက်စသော ယိုအမျိုးမျိုး ပြုလုပ်နည်းများကို သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ရာ သင်တန်းသား၊ သင်တန်းသူ (၁၅) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန်လ (၁၅) ရက်နေ့မှ ဇွန်လ (၂၁) ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်