ကန့်ဘလူ ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နတ်ပေးကျေးရွာအုပ်စု ငါတို့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးသီးနှံ (မြေပဲ၊ နေကြာ၊ ပြောင်း) ဝင်ငွေတိုးစိုက်ပျိုးရေးလုပ်ငန်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ဇွန် ၂၁ ရက်နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးခိုင်၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ခိုင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ငါတို့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ လုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ သက်မွေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများနှင့် လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းဇယားများ ပြည့်စုံမှုရှိမရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ခရိုင်ဦးစီးမှူး ဦးစိုးခိုင်က လိုအပ်သည်များကို ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ငါတို့ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၁၂၈ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၃၈ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၁၀ ဦးနှင့်သက်မွေးလုပ်ငန်းလုပ်ကိုင်သူ ၃ ဦးတို့ကို မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် ၆၆ ဒသမ ၉၈ သန်းထုတ်ချေးပေးထားပြီး စီမံကိန်းလုပ်ငန်းများကို အောင်မြင်စွာလည်ပတ်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)