ဘားအံ ဇွန် ၂၂
ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ နိုင်ငံတော်အတွင်းရှိ ထုတ်ကုန်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် သဘာဝဘေးအပါအဝင် အခြားသောအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ အခြားသောရုတ်တရက် ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များဖြစ်ပွားကြုံတွေ့ရပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းပါးသည်ထက်နည်းပါးစေရန်နှင့် ပြည်သူလူထုအား ထိရောက်လျင်မြင်စွာ ရှာဖွေကယ်ဆယ်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေရေးအတွက် ရည်ရွယ်ပြီး ကရင်ပြည်နယ် ဘားအံခရိုင်မီးသတ်ဦးစီးဌာန၌ ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၆)ကို ဇွန်လ ၈ ရက်နေ့ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ရှာဖွေကယ်ဆယ်ရေးသင်တန်း (၂/၂၀၂၆)ဆင်းပွဲတွင် ပြည်နယ်မီးသတ်ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်က သင်တန်းဆင်း မိန့်ခွန်း အမှာစကားပြောကြားရာ၌ သင်တန်းသားများအနေဖြင့် မိမိနထိုင်ရာဒေသအတွင်း သဘာဝဘေးများ ကျရောက်သည့်အခါ ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်သွားကြရန်နှင့် သင်တန်းမှ လေ့လာသင်ယူလေ့ကျင့်ခဲ့သည့် ရှာဖွေကယ်ဆယ်ရေး အတတ်ပညာများကို ပြည်သူလူထုတစ်ရပ်လုံးအတွက် အကျိုးပြုဆောက်ရွက်နိုင်ရေး စဉ်ဆက်မပြတ် ကြိုးစားအားထုတ်သွားကြရန် ပြောကြားသည်။
ထို့နောက်ပြည်နယ်ဦးစီးမှူးက ထူးချွန်သည့်သင်တန်းသားများအား ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ပြီး ခရိုင်ဦးစီးမှူးက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။အဆိုပါသင်တန်းကို နှစ်ပတ်ကြာဖွင့်လှစ်သင်ကြားပေးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့်မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှ သင်တန်းသား (၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)