ချောင်းသာ ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်ချုပ်ရေးမှူး ဆိုင်ရာ အသစ်ပြန်လည် ရွေးချယ်နိုင်ရေး နည်းဥပဒေများအား အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ချောင်းသာမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူက ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများကို ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက နည်းဥပဒေ၊ ဥပဒေများကို ပြည်သူများ သိရှိအောင် ထပ်ဆင့်ရှင်းလင်း ဆောင်ရွက် သွားကြရန်နှင့် အသိပညာပေး ကွင်းဆင်း ဆောင်ရွက် သွားကြရန် (Power Point)ဖြင့် အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည် မေးမြန်းခဲ့ကြရာ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်စုမှ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း(ပြန်/ဆက်)