မင်းဘူး(စကု)မြို့နယ်၌ သမဝါယမအသင်းသား တောင်သူများအား သီးနှံမျိုးစေ့နှင့် သွင်းအားစုများပေးအပ်

မင်းဘူး ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သည့် သမဝါယမအသင်းသားတောင်သူများ သီးနှံစိုက်ပျိုးချိန်တွင် အထောက်အကူဖြစ်စေရန်အတွက် သီးနှံမျိုးစေ့နှင့် သွင်းအားစုများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမအသင်းစုရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း သမဝါယမအသင်းသားများအတွက် ဆောင်ရွက်ပေးသွားမည့် လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်)စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ စီမံကိန်းနှင့်ပတ်သက်၍ အမှာစကားကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မေလတ်က သီးနှံမျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများမှ မြို့နယ်အတွင်းရှိ သမဝါယမအသင်းသား တောင်သူ(၁၂)ဦးအား တစ်ဦးလျှင် ငွေကျပ် ၂၈၈,၀၀၀ နှုန်းဖြင့် စိုက်ဧက (၆၀) စာအတွက် စုစုပေါင်းငွေကျပ် ၁၇,၂၈၀,၀၀၀ နှင့်ညီမျှသော သီးနှံမျိုးစေ့နှင့် သွင်းအားစုများကို တောင်သူလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင် (မင်းဘူး)