ချောက်မြို့နယ်တွင် ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ချောက်  ဇွန်  ၂၁

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ရေဘေးအန္တရာယ် ကျရောက်လာပါက အထိရောက်ဆုံးနှင့် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းများကို တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ကြီးကြပ်၍ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၈နာရီခွဲက အမှတ် (၇) ရပ်ကွက် အုတ်ဖိုကမ်းနားဆိပ်တွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုး‌ဇော်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရေပြင်တွင် ဖြစ်ပေါ်လျက်ရှိသော ဘေးအန္တရာယ်များကို သတင်းရလျှင် ရခြင်းရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ အမြန်ဆုံးထွက်ခွာ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သရုပ်ပြဆောင်ရွက်ကြရာ သရုပ်ပြတပ်ဖွဲ့မှ မြေနုကျွန်းပေါ်ရှိ ရေဘေးသင့်ပြည်သူများကို Assault Boat များ အသုံးပြု၍ ကယ်ဆယ်မှုသရုပ်ပြသခြင်း၊ ကုန်သယ်ဆောင်လာသည့် စက်လှေမီးလောင်နေမှုအား သတင်း ရရှိချိန်တွင်  စက်လှေမီးလောင်ရာသို့ Assault Boat၊   Fire Boat၊  Intelligence Lifebuoy များဖြင့် Foam အမြှုပ်ဆေးရည်အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ ရှာ​ဖွေကယ် ဆယ်ရေးဆောင်ရွက်နေမှုတို့ကို သရုပ်ပြခဲ့ကြသည်။

အဆိုပါ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာနေရာသို့ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမိုး‌ဇော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင် နှင့်ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမာသိန်းနှင့် အဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှု‌ရေးအသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)