ဘုတ်ပြင်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲအတွက် ကြီးကြပ်ကော်မတီ (၅) ဦး တာဝန်ပေးနိုင်ရေး အသိပေးရှင်းလင်း

ဘုတ်ပြင်း   ဇန်နဝါရီလ   ၂၁ 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းလုပ်ငန်းစဉ်အတွက် ကြီးကြပ်ကော်မတီ(၅)ဦး ရွေးချယ် တာဝန်ပေး အပ်နိုင်ရေး အသိပေးရှင်းလင်းခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန် က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမ၌ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက်/ကျေးရွာအုပ်စု စာရေး ဝန်ထမ်းများတက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများအခန်း(၂) နည်းဥပဒေ (၃) (ခ)အရ  တာဝန်ပေးအပ်ခံရသည့် ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် မိမိတို့တာဝန် ယူဆောင်ရွက်သည့် ရပ်ကွက်/ကျေးရွာ အုပ်စုများ၌ အုပ်ချုပ်ရေးမှူးရွေးချယ်ရာ ကြီးကြပ် ဆောင်ရွက်ရမည့်  ကြီးကြပ်ရေးကော်မတီ(၅)ဦး ရွေးချယ်ခြင်း လုပ်ငန်းကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နည်းဥပဒေများနှင့်အညီ ဆောင်ရွက် နိုင်ရေး အသိပေးရှင်းလင်းခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသူများက ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် အိမ်ထောင်စု ကိုယ်စားလှယ် ၊ ရာအိမ်မှူး ဆယ်အိမ်မှူးရွေးချယ်ခြင်းနှင့် ပတ်သက်၍ သိလိုသည်များကို ပြန်လည် ဆွေးနွေးခဲ့ကြပြီး ကြီးကြပ်ကော်မတီ(၅)ဦး ရွေးချယ်ခြင်း လုပ်ငန်းကို ဖေဖော်ဝါရီ ပထမအပတ်တွင် အပြီး ရွေးချယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိ ရသည်။

မြို့နယ်ပြန်/ဆက်