ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

ပွင့်ဖြူ ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ဇွန် ၂၁ ရက်၊ ယနေ့နံနက်ပိုင်းက သံကိုင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးကျော်က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ရန်ပုံငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးကျော်က သံကိုင်းကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ စီမံကိန်းရန်ပုံငွေကျပ် ၅၆ ဒသမ ၂ သန်း လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက သံကိုင်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၄ ဦးကို ငွေကျပ်   ၂၀ ဒသမ ၁ သန်း ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၀၂ ဦးကို ငွေကျပ် ၂၇ သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၇ ဦးကို ငွေကျပ် ၁ ဒသမ ၈၅ သန်း ၊ ရေလုပ်ငန်း လုပ်ကိုင်သူ ၉ ဦးကို ငွေကျပ် ၂ ဒသမ ၃၅ သန်း ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၁၄ ဦးကို ငွေကျပ် ၄ ဒသမ ၉ သန်း၊ စုစုပေါင်း အသင်းသား ၊ အသင်းသူ ၁၆၆ ဦးကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၅၆ ဒသမ ၂ သန်း ထုတ်ချေးပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးကျော်ထံမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)