ဒေးဒရဲ ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော မိုးစပါးစိုက် တောင်သူများအား စပါးအထွက်နှုန်းတိုးတက်စေရေးအတွက် လိုအပ်သော သွင်းအားစု ဓာတ်မြေသြဇာအိတ်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံခရိုင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဖျာပုံခရိုင်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက တောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းမှ အကျိုးအမြတ်ရရှိစေရေး၊ သီးနှံပန်းတိုင်အထွက်နှုန်း ပိုမိုတိုးထွက်စေရေး လိုအပ်လျက်ရှိသော သွင်းအားစုဓာတ်မြေသြဇာအိတ်များ စျေးနှုန်း ချိုသာစွာဖြင့် တောင်သူများလက်ဝယ်သို့ အချိန်မီဖြန့်ဖြူးပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဖျာပုံခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်အေးအေးမူက မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်လျက်ရှိသည့် မျိုးကောင်းမျိုးသန့်စပါးများ၊ သွင်းအားစု ရွက်ဖျန်းအားဆေး၊ ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေး နည်းစနစ်များ ဖြန့်ဖြူးပေးအပ်ခြင်းအား ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများကို ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ ဖျာပုံခရိုင် စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်စိုက် တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်မည့် မိုးစပါးစိုက်ဧက (၁၀၀၀၀) အတွက် ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေသြဇာအိတ်များကို တောင်သူများ လက်ဝယ်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အေဇာလင်း