ကြံခင်းမြို့နယ်၌ မိုးစပါးသွင်းအားစု “ယူရီယားမြေဩဇာ” ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ကြံခင်း ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ဒေသခံတောင်သူများအား ၂၀၂၆-၂၀၂၇ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးဧကများအတွက် သွင်းအားစု (ယူရီးယား မြေဩဇာ) ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်က ၂၀၂၆-၂၀၂၇ ခုနှစ်၊  လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့်ဆောင်ရွက်သည့် မိုးစပါးစိုက်ပျိုးဧကများအတွက် သွင်းအားစု ယူရီးယားမြေဩဇာများကို တောင်သူများ လယ်ယာကဏ္ဍတွင် အဆင်ပြေစွာအသုံးပြုစေရန်နှင့် တောင်သူများ ပန်းတိုင်အထွက် နှုန်းပြည့်မီစေရေး၊ စိုက်ဧကများ ရာနှုန်းပြည့်စိုက်ပျိုးနိုင်စေရေး ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြား ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်က မိုးစပါးများအချိန်မီစိုက်ပျိုးပြီးစီးရေး၊ ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များကိုသာ ‌ရွေးချယ်စိုက်ပျိုးစေရေး၊ သွင်းအားစုများ အချိန်မီထည့်သွင်းနိုင်ခြင်းအားဖြင့် သီးနှံအထွက်နှုန်းများ တိုးလာမည်ဖြစ်ကြောင်း​ ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဘက်ရဲမြို့အုပ်ချုပ်ရေးမှူးတို့က နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ယူရီးယားမြေဩဇာအိတ်များအား ပေးအပ်ရာ တောင်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)