တောင်ငူခရိုင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုလူငယ်အသင်း တည်ထောင်ခြင်း (၁၁)နှစ်ပြည့် အခမ်းအနားကျင်းပ

တောင်ငူ ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ပသိဟိုတယ်ခန်းမ၌ တောင်ငူခရိုင်၊ ရှမ်းစာပေနှင့် ယဥ်ကျေးမှု လူငယ်အသင်း တည်ထောင်ခြင်း (၁၁)နှစ်ပြည့် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

ဦးစွာ အခမ်းအနားအား  ရှမ်းအမျိုးသားသီချင်းသီဆို၍ ဖွင့်လှစ်ပြီး တောင်ငူမြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ လုံးစိုင်းအုန်းမောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုလူငယ်အသင်း (တောင်ငူခရိုင်) ဥက္ကဋ္ဌ စိုင်းအောင်အောင်က တောင်ငူခရိုင် ရှမ်းစာပေနှင့် ယဥ်ကျေးမှုလူငယ်အသင်းတည်ထောင်ခြင်းရခြင်း ရည်ရွယ်ချက်နှင့် ရှမ်းလူမျိုး၊ ရှမ်းစာပေ၊ ယဥ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပညာရေး၊ လူမှုရေးနှင့် လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ရှမ်းလူငယ်အသင်း(တောင်ကြီး) ဥက္ကဋ္ဌနန်းယိင်းနောင့်နှင့်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း(ပဲခူး)ဥက္ကဋ္ဌလုံးစိုင်းဝင်းစိန်တို့က အမှာစကားပြောကြားကာ ရှမ်းလူငယ်တစ်ဦးက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းအောင်မှပေးပို့သော သဝဏ်လွှာအား ဖတ်ကြားသည်။ ထို့နောက် ရှမ်းလူငယ်များက ရှမ်းယဥ်ကျေးမှုအက အလှများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဇော်ကိုကို