ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်  သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲအခမ်းအနားနှင့် မိုးစပါးစိုက်ပျိုးမည့် ဒေသခံတောင်သူများထံသို့ သွင်းအားစုပေးအပ်ပွဲ အခမ်းအနားများ တက်ရောက်

ပုသိမ် ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သာသနာ့ဗိမာန်၌ ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ)က ကြီးမှူးကျင်းပသော သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ အခမ်းအနားကို  “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍  ဩဝါဒကထာ မိန့်ကြားတော်မူသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့ပြီး သံဃနာယကနှင့်ဝိနည်းဓိုရ်သင်တန်း ဩဝါဒါစရိယဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ သံဃာတော်အရှင် သူမြတ်များက “ မေတ္တာသုတ်” ပရိတ်တရားတော်ကို ရွတ်ပွားချီးမြှင့်တော်မူပြီးနောက် အခမ်းအနားကို  “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) က ကြီးမှူးကျင်းပသော သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းကို ယခုလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဧရာသီရိသုခခန်းမတွင် ပြုလုပ်သည့် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ၂၀၂၆ - ၂၀၂၇ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမည့် ဒေသခံတောင်သူများထံသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့အခမ်းအနားတွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်) စီမံကိန်းမှ ဧရာဝတီတိုင်းဒေသကြီး အတွင်း (၁၃) မြို့နယ်ရှိ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း (၁၆) သင်း၊ အသင်းသားတောင်သူ (၃၁၃) ဦး၊ စိုက်ဧက (၁၀၀၆) အတွက် ငွေကျပ် (၂၄၅.၇၂၈) သန်းနှင့် ညီမျှသော သွင်းအားစုပေးအပ်ခြင်းဖြစ်ပါကြောင်း” ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သမဝါယမ အသင်းစု တောင်သူများထံသို့  သွင်းအားစုများပေးအပ်ခဲ့သည်။

ဆက်လက်၍ သွင်းအားစုပေးအပ်ပွဲသို့ တက်ရောက်လာသည့်တောင်သူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့၍ ဇီဝသဘာဝမြေဩဇာ ပြုလုပ်ထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)