လွိုင်ကော် ဇွန် ၂၁
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏မြို့တော် လွိုင်ကော်အား မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းသောမြို့၊ သန့်ရှင်းသောမြို့ဖြစ်စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် တာဝန်ရှိသူများနှင့်အတူ မြို့သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ နောင်ယားကန်သာသို့ ရောက်ရှိပြီး စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ သန့်ရှင်းရေးဆောင်ရွက်နေမှု၊ မြေယာပြုပြင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး နောင်ယားကန်သာ ရေပိုလွှဲဂိတ်တံခါးကို အဖွင့်၊ အပိတ်လွယ်ကူစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိရန်၊ အများပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရန်အတွက် ကန်ပတ်ဝန်းကျင်တွင် သစ်ပင်ပန်းမန်များ စိမ်းလန်းစိုပြည်ရေး၊ သာယာလှပရေးနှင့် သန့်ရှင်းသပ်ရပ် မှုရှိစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကန်ပတ်ဝန်းကျင်ရှိ စားသောက်ဆိုင်များ ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်ဖွယ်ရာများကို သန့်ရှင်းလတ်ဆတ်စွာ ရောင်းချစေရေး ကြပ်မတ် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်တက္ကသိုလ်သို့ ရောက်ရှိပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တက္ကသိုလ်မှဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းသားကျောင်းသူများစိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး တက္ကသိုလ်ပရိဝုဏ်အတွင်း ပန်းအလှပင်များဖြင့် သာယာလှပစေရေး၊ ခြုံနွယ်များ ရှင်းလင်းရေးတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေါနိုးကူးရပ်ကွက်သို့ သွားရောက်ပြီး အောင်ဇေယျလမ်း လမ်းဘေးဝဲယာ ရေဝပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ ရပ်ကွက်အနိမ့်ပိုင်းနေရာများ၌ မိုးရာသီကာလတွင် ရေဝပ်မှုမရှိစေရေး ကြိုတင်စီမံဆောင်ရွက်ရန်၊ လမ်းပခုံးများ မြှင့်တင်ဆောင်ရွက်ရန်၊ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရပ်ကွက်နေပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်စေရေး အသိပေးနှိုးဆော်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်/ပြန်ဆက်