ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပ

ကြံခင်း ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သားသမီးများအား ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဧရာဦးခန်းမ တွင် ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ ​ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထက်က မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် အဆင့်မြင့်တန်းများအတွက် ပညာသင်ထောက်ပံ့ကြေးစရိတ်များအား ဝန်ကြီးဌာနမှ နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း ၊ သားငယ်သမီးငယ်များကလည်း နိုင်ငံရဲအားကိုးအားထားရသည့် သားကောင်းရတနာများ ဖြစ်ပေါ်စေရေး ကြိုးစားကြရန် အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်က အလယ်တန်း ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအားလည်းကောင်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၈ ဦးအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်ကလည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ ၁၇ ဦးအား မြို့နယ်မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့များကလည်းကောင်း၊ ဘက်ရဲမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦးအားလည်းကောင်း စုစုပေါင်း ၄၀ ဦးအားအသီးသီး ပညာသင်ထောက်ပံ့​ငွေများနှင့် ကျောင်းသုံးစာရေး ကရိယာများအား ပေးအပ်ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့များ၊ မြို့နယ်ရုံးဝန်ထမ်းများ၊ သားသမီးများနှင့်ဇနီးများ တက်ရောက်ခဲ့ပြီး မူလတန်းအဆင့် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀/- နှုန်း၊ အလယ်တန်းအဆင့် တစ်ဦးလျှင် ငွေကျပ် ၄၀၀၀၀/- နှုန်း၊ အထက်တန်းနှင့် တက္ကသိုလ်တန်းများအတွက် ၅၀၀၀၀/- နှုန်း၊ ဗလာစာအုပ်၊ ခဲတံများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)