ဇီးကုန်းမြို့နယ်တွင် နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်

ဇီးကုန်း ဇန်နဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များတွင် အထောက်အကူပြုစေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် Mask Campaign ကို ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်-ပြည် ကားလမ်းမ လမ်းဆုံ မီးပွိုင့်နေရာတွင် ပြုလုပ်ခဲ့သည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ ဌာန ဆိုင်ရာ များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း အဖွဲ့များပူးပေါင်း၍ နေအိမ်ပြင်ပသို့ ထွက်ခွာလာသူ များကို နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာမှုရှိ/မရှိကို ရှောင်တခင်စစ်ဆေးပြီး၊ နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများကို သတ်မှတ်ဒဏ်ကြေး ပေးဆောင်စေ၍ ချက်ချင်းတပ်ဆင်စေခဲ့သည်။

မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအနေဖြင့် လူအသွားအလာများသော ဈေး ပတ်ဝန်းကျင်နှင့် လမ်းဆုံနေရာများတွင် စစ်ဆေး ဆောင်ရွက်ခြင်းကို တစ်ပတ်လျှင် နှစ်ကြိမ်ပြုလုပ်လျက်ရှိသည်။ ယခင် က နှာခေါင်းစည်း မတပ်ဆင်သူများကို သတိပေးခြင်း၊ ပညာပေး  ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပြီး ယခုအခါ သတ်မှတ်ဒဏ်ကြေးကို ပေးဆောင်စေကာ ပြည်သူများအားလုံး ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် အတူတကွ ပူးပေါင်းပါဝင်စေလိုကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)