ဒေးဒရဲ ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တော သစ်ပင်တန်ဖိုးများကို အများပြည်သူများ အလေးထားသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ယမန်နေ့နံနက် (၈) နာရီခွဲက ဒေးဒရဲ-ကျိုက်လတ်ကားလမ်း မိုင်တိုင် (၀/၁)မှ (၁/၄)အတွင်းရှိ လမ်းဘေးတစ်လျှောက် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး သစ်တောသစ်ပင်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်များ ကာကွယ်ပေးနိုင်၍ နောင်လာနောင်သားများအတွက် ကောင်းမွန်သည့်သဘာဝပတ်ဝန်းကျင် အမွေအနှစ်ကောင်းများ ချန်ထားပေးနိုင်မှာဖြစ်ကြောင်း အဖွင့်အမှာစကားကြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာကြိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်တို့က ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ အခြေခံပညာကျောင်းများတွင် စိုက်ပျိုးရန် ပျိုးပင်များပေးအပ်ခဲ့သည်။
ထို့နောက် ဖျာပုံစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ် သစ်တောဦးစီးအရာရှိ ဦးသိန်းကိုနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများ၊ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ (၃၂၆) ဦးတို့က သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ပျဥ်းကတိုး၊ စိန်ပန်းကြီး၊ ငုရွှေဝါ၊ မန်ဂျန်ရှား၊ ခရေ၊ မာလာလူးကား စသည့် ပျိုးပင် (၅၂၅) ပင်ကျော်အား တပျော်တပါး စနစ်တကျစိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။
အေဇာလင်း