ကျိုက်လတ် ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို ဇွန်လ (၁၉) ရက်၊ နေ့လယ်ပိုင်းက အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က မူးယစ်ဆေးဝါးသုံးစွဲမှု၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများအား အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းနှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ "အသိပညာပေး ဟောပြောပွဲ"သို့ အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင့်တင့်၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင် (ပြန်/ဆက်)