ငပုတောမြို့နယ်တွင် ဝက်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဝက်ခြံများအား ကွင်းဆင်းစစ်ဆေးပြီး ကာကွယ်ဆေးများထိုးနှံ

ငပုတော ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်း ဝက်ကူးစက်ရောဂါများ ပျံ့ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ ငပုတောမြို့ပေါ်ရပ်ကွက်ရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ ဝက်မွေးမြူရေးခြံများ၌ ကူးစက် ရောဂါများ မဖြစ်ပွားစေရေး ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တာဝန်ရှိသူများက ဝက်ခြံများသို့ ကွင်းဆင်းစစ်ဆေးကာဝက်ခြံအတွင်း သန့်ရှင်းမှုရှိစေရေး၊ လေဝင်လေထွက်ကောင်းမွန်စေရေး၊ ကူးစက်ရောဂါပြန့်ပွားမှုမရှိစေရေး စစ်ဆေးပြီး ကာကွယ်ဆေးထိုးနှံခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)