ဒေးဒရဲမြို့နယ် ကွင်းပုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ  အသိပညာပေးဟောပြောပွဲ ကျင်းပ

ဒေးဒရဲ ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများ တိုးပွားစေရေး၊ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယမန်နေ့နေ့လယ် (၁၂)နာရီက ကွင်းပုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှု၍ အချိန်ကိုအကျိုးစွာ အသုံးချနိုင်စေရေး၊ စာအုပ်စာပေလေ့လာခြင်းအားဖြင့် အသိဉာဏ်ပညာဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့်မိမိလူမျိုးကို အကျိုးပြုနိုင်မည့် လူငယ်များ ဖြစ်ပေါ်လာစေရေးအတွက် အခြေခံပညာကျောင်းများအရောက် ကွင်းဆင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေမှုအား ရှင်းလင်းဆွေးနွေးခဲ့ပြီး လူငယ်နှင့်မူးယစ်ဆေးခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း