လွိုင်ကော်မြို့၌ မြန်မာအမျိုးသမီးများနေ့အကြိုလှုပ်ရှားမှုအဖြစ် CEDAW, BPFA, SDG-5 အသိပညာပေးအစီအစဉ်ကျင်းပ

လွိုင်ကော် ဇွန် ၁၉

မြန်မာအမျိုးသမီးများနေ့အကြိုလှုပ်ရှားမှုအဖြစ် CEDAW, BPFA, SDG-5 အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အသေးစားစက်မှုလက်မှုဦးစီးဌာနခန်းမ၌ ကျင်းပရာ ကယားပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဘောက်နန်၊ ဌာနဆိုင်ရာများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ စက်မှုလက်မှုလုပ်ငန်းရှင် အမျိုးသမီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ဦးစွာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဘောက်နန်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီးများအားလုံး အမျိုးသားများနှင့်တန်းတူ ကဏ္ဍစုံ လုပ်ငန်းနယ်ပယ်အသီးသီးတွင် တန်းတူညီမျှပါဝင်ခွင့်ရရှိစေရန် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျား/မတန်းတူညီမျှရေး၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်နေမှုမှ တားဆီးကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံအဆင့်ဦးစီးဦးဆောင်လှုပ်ရှားဖော်ဆောင်နိုင်မည့် အဖွဲ့အစည်းတစ်ခုအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး မြန်မာအမျိုးသမီးများသည် နိုင်ငံနှင့်လူမျိုးအတွက် ကြိုးပမ်းရာတွင် လွတ်လပ်ရေး၊ နိုင်ငံတော်တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးများတွင် ပါဝင်ထမ်းဆောင်ခဲ့ခြင်းများကို တွေ့မြင်ရမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် မြန်မာအမျိုးသမီးများဥပဒေပြဌာန်းချက်ပါ အခွင့်အရေးများအကြောင်း သိကောင်းစရာများကို ပြည်နယ်ဥပဒေချုပ်ရုံးမှလည်းကောင်း၊ အမျိုးသမီးဆိုင်ရာ CEDAW, SDG-5, BPFA နှင့်ပတ်သက်၍ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနကလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့သည်။

ထို့နောက် ဇွန်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးမျိုးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လွိုင်ကော်မြို့၊ ကုတင်(၅၀၀)ဆံ ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားကို ကျင်းပရာ ကယားပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌ၊ ပြည်နယ်ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့သည်။ သွေးလှူရှင်(၂၁)ဦးအနက် သယံဇာတရေးရာဝန်ကြီးက (၃၅)ကြိမ် မြောက် သွေးလှူဒါန်းခဲ့ပြီး စုပေါင်းသွေးလှူဒါန်းခဲ့သူများအား ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့က ကြက်ဥ၊ အချိုရည်နှင့် မုန့်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းအောင်(ပြန်/ဆက်)