မုံရွာ ဇွန် ၂၀
တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး(၁၁)ရက် မြောက်နေ့ကို ဇွန်လ ၁၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(၁၁)ရက်မြောက်နေ့ အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးက ကြယ်ပွင့်ပြ မေးခွန်း ကိုးခုကို မေးမြန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီးများက ဖြေကြားကြသည်။
ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးသန့်က ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်းပြီး တာဝန်၊လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို ရှင်းလင်း ဖတ်ကြားကြသည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌက ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတွင်းရေးမှူး(၁)၊(၂)တို့ အပါအဝင် စုစုပေါင်း အမည်စာရင်း (၁၁)ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်းကို လွှတ်တော်သို့ တင်ပြပြီး ဆွေးနွေးလို သော လွှတ်တော်ကိုယ်စားလှယ်များရှိပါက လွှတ်တော်ရုံးအကြီးမှူးထံသို့ အမည်စာရင်းကို ဇွန်လ(၁၉)ရက်နေ့ ညနေ ၃ နာရီအထိ တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ဇွန်လ(၂၂)ရက်နေ့ နံနက် (၁၀)နာရီတွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)