ငဖဲမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ငဖဲ ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးသက်နောင်ထွန်းက မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးအတွက် ကျောင်းသားလူငယ်များသိရှိ လိုက်နာရမည့်အချက်များ၊ အသိပညာဗဟုသုတတိုးပွားစေရေး သုတ၊ရသစာအုပ် စာစောင်များကိုလေ့လာဖတ်ရှုကြရန်၊  စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ဒုတိယဦးစီးမှူးဒေါ်ဥမ္မာကျော်က မူးယစ်ဆေးဝါးအဓိပ္ပါယ်၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းရင်းများ၊ စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့်ရရှိလာမည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုးကျိုးများကို အသိပညာပေး ပြောကြားသည်။

ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း-၃ ဒေါ်နှင်းနွယ်အောင်က မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံနှင့် အမျိုးသမီးများ အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ငဖဲမြို့နယ်ပြည်သူ့စာကြည့်တိုက်မှ သုတ၊ ရသစာအုပ်များဖြင့် စာအုပ်ပြပွဲဆောင်ရွက်ပြီး မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် မှတ်တမ်းဓါတ်ပုံများ၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို  ပြသဆောင်ရွက်ခဲ့ရာ ငဖဲ(အ.ထ.က)မှ Grade-6 ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)