ဇလွန် ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်ဖြင့်ဆောင်ရွက်သော ဝယ်ကြိတ်လုပ်ငန်းရှင်များမှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုဓာတ်မြေသြဇာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံ့နက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်အဆင့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်ကျော်စိုးက နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ နိုင်ငံတော်မှ အခြေခံရည်ညွှန်းစျေး ရန်ကုန်အထိုင်စျေး တစ်သိန်းလေးသောင်းဖြင့် တန်ဆာခကျခံပြီး တောင်သူများအား စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း၊ မိုးစပါးသည်မျိုးကောင်းမျိုးသန့်သုံးစွဲပြီး စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီသော သွင်းအားစုများကို အချိန်ကိုက်အချိုးညီထည့်သွင်းမှသာ မျှော်မှန်းထားသော ပန်းတိုင်အထွက်နှုန်းကို ရောက်ရှိမှာဖြစ်သဖြင့် သွင်းအားစုဓာတ်မြေသြဇာ ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ဝယ်ကြိတ်လုပ်ငန်းရှင် ဦးသန်းစိုး(ပြည့်စုံဆန်စက်)က သွင်းအားစုဓာတ်မြေသြဇာ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ခရိုင်အဆင့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူများက ဇလွန်မြို့နယ်မှ ကျေးရွာ(၁၈) အုပ်စုမှ တောင်သူ (၈၆၈)ဦးနှင့် စိုက်ဧကပေါင်းတစ်သောင်း လျာထားဆောင်ရွက်ထားရှိရာ GBS ယူရီးယားအိတ်နှင့် ဖြိုးမောက်ယူရီးယားအိတ်များကို သက်ဆိုင်ရာတောင်သူများသို့ သွင်းအားစုများ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ခရိုင်အဆင့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားပြီးမြောက်ခဲ့သည်။
ဝေယံ(ပြန်/ဆက်)