ဇီးကုန်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ

ဇီးကုန်း ဇွန် ၂၀

လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ လူငယ်များစဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာပြီး အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က (ဇီးကုန်း) ကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အားပြောကြား၍ ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ခဲ့သည်။ အဆိုပါ လူငယ်စကားဝိုင်းတွင် Grade-11 မှ အိဖြိုးခိုင်က "လူငယ်နှင့်ယဉ်ကျေးမှု"၊ Grade-11 မှ မောင်ဉာဏ်ထူးလွင်က "လူငယ်နှင့်စာဖတ်ခြင်း"၊ Grade-11 မှ မဖြိုးသဇင်မြင့်က "လူငယ်နှင့်မူးယစ်ဆေးဝါး"၊ Grade-11 မောင်သော်ဇင်ဖြိုးက "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကိုမေးမြန်းကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)