ကျောင်းကုန်း ဇွန် ၂၀
၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းကုန်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်နှင့်ဝန်ထမ်းများက လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ "သတင်းစကား" လက်ကမ်းစာစောင်တွင် "အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်း တိုက်ဖျက်စို့" ဆောင်းပါး၊ မူးယစ်ဆေးဝါးအုပ်စု (၅) မျိုး၊ "တန်ဖိုးရှိလှ လူငယ်ဘဝ မူးယစ်ကင်းစင် ကျန်းမာမှ"၊ မီးရှို့ဖျက်ဆီးမှုအခြေအနေ၊ "ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်" ကဗျာနှင့် မူးယစ်ဆေးဝါး အဓိပ္ပါယ်၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ "အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့"၊ ကာတွန်း စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
ဆက်လက်၍ လူစည်ကားရာနေရာဖြစ်သည့် မြို့မဈေးအတွင်းမှ ဈေးသည်များ၊ သင်္ဘောဆိပ်နှင့် အနှေးယာဉ်သမားများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)