ဟင်္သာတ ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်း အဖွဲ့များက မြို့အဝင်/အထွက် စစ်ဆေးရေး ဂိတ်များတွင် ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များအား နေ့စဉ်ကြပ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟင်္သာတမြို့ အဝင်/အထွက် ဂိတ်များဖြစ်သည့် ဂိတ်အမှတ်(၁) RTC ဝန်းရှေ့ ပုသိမ်လမ်းကြောင်းဂိတ်နှင့် ဂိတ်အမှတ်(၂) လယ်တော် အုပ်ချုပ်ရေးမှူးရုံးရှေ့ ရန်ကုန်လမ်းကြောင်းဂိတ်တို့တွင် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးစတင်ထွက်လာသည့်ဒေသနှင့် သွားရောက်မည့်ဒေသများကို မှတ်တမ်းရယူခြင်း၊ ခရီးသွားထောက်ခံစာ ပါ/မပါ စစ်ဆေးခြင်း၊ တို့အပြင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး အသိပညာပေးခြင်း၊ ဆိုင်ကယ်ဖြင့် ခရီးသွားပြည်သူ များအား နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီး သွားလာကြရန် အသိပညာပေးခြင်း၊ Mask များ အသစ်လဲပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ ကြပ်မတ်စစ်ဆေးမှုများကို ကျန်းမာရေးဌာန တာဝန်ရှိသူများ၊ မြို့နယ် ထွေအုပ် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ (မ.စ.က) အဖွဲ့ဝင်များနှင့်အတူ ဟင်္သာတခရိုင်နှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ စေတနာ့လုပ်အားရှင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များက နေ့/ည တာဝန်ခွဲဝေ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)