တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကျင်းပ

ပုသိမ် ဇွန် ၂၀

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူကြသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၈) ဦး၏ ကြယ်ပွင့်ပြမေးခွန်း (၈) ခုကို သက်ဆိုင်ရာတိုင်း‌ဒေသကြီးဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ပြီး ဇလွန်မြို့နယ်ကိုယ်စားလှယ်အမှတ် (၁) က အစည်းအဝေးသတ္တမနေ့တွင် တင်သွင်းခဲ့သည့် “ဧရာဝတီတိုင်းအစိုးရအနေဖြင့် တောင်သူလယ်သမားများ၏ အသိပညာ၊ အတတ်ပညာ၊ စိုက်ပျိုးနည်းပညာများ သင်ယူတတ်မြောက်စေရေး ကူညီဆောင်ရွက်နိုင်ရန် အဆိုအား ဆွေးနွေးရန်အမည်စာရင်းတင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ် (၁၃) ဦး၏ ဆွေးနွေးမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေး၍ တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ကာ တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို ရပ်နားလိုက်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)