ဘုတ်ပြင်း ဇွန် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အဂတိတရားကင်းစွာဖြင့် ပြန်လည်ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် တာဝန်ယူဆောင်ရွက်ကြမည့် ရပ်/ကျေးကြီးကြပ်ရေးအဖွဲ့များအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းကို၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ယဉ်လဲ့မင်းဝေနှင့်တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို သင်တန်းပို့ချခဲ့သည်။
သင်တန်းကို ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု (၁၈) အုပ်စုမှ ကြီးကြပ်ရေးအဖွဲ့( ၉၀)ဦး တက်ရောက်ခဲ့ပြီး သိလိုသည်များမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)