ငွေဆောင်မြို့တွင် မိုးစပါးစိုက်ဧကလျာထားချက် ပြည့်မီရေးနှင့် ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးစေရေး၊ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးမှုလျော့နည်းစေရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ငွေဆောင် ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင်  မိုးစပါးစိုက်ဧကလျာထားချက် ပြည့်မီရေးနှင့် ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးမှု လျော့နည်းစေရေးတို့အတွက် မြို့အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆင်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ယမန်နေ့ နံနက်ပိုင်းက  ဆင်မကျေးရွာအုပ်စုအတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆင်မကျေးရွာအုပ်စုအတွင်းရှိ ဆင်မကျေးရွာနှင့် ညောင်အုပ် ကျေးရွာတို့ရှိ မိုးစပါးစိုက်ပျိုးမည့်စုစုပေါင်း စိုက်ဧရိယာ (၄၃၃) ဧကနှင့် တောင်သူ (၁၁၆) ဦးတို့၏ မြေပြင်အခြေအနေ၊ မျိုးကွဲအလိုက် ပျိုးထောင်ထားရှိမှု၊ စိုက်ပျိုးဆောင်ရွက်နေမှုနှင့် ကြဲပက် စိုက်ပျိုးမှု အခြေအနေများကို အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့ပြင် တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ အထွက်နှုန်းကောင်းမွန်ပြီး ဈေးကွက်ဝင် မျိုးကောင်းမျိုးသန့်နှင့် မျိုးသစ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရာသီတွင် လယ်ယာသုံး ထွန်စက်များအတွက် စက်သုံးဆီဝယ်ယူရရှိရေး ဆောင်ရွက်နေမှု၊ စိုက်ပျိုးရေးသွင်းအားစုများ အသုံးပြုမှု အခြေအနေများကို မေးမြန်းခဲ့ပြီး လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး စည်းရုံးအားပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်လင်းဦး (ပြန်/ဆက်)