တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

ဘားအံ ဇွန် ၁၉

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို ပြည်နယ်လွှတ်တော်က အတည်ပြုမှတ်တမ်းတင်သည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကြယ်ပွင့်ပြ မေးခွန်း(၄)ခုအား မေးမြန်းရာ သက်ဆိုင်ရာပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြပြီး ဦးအေးမင်းထွေး မြဝတီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)က ပြည်တွင်းခရီးစဉ်ဒေသနေရာများ သဘာဝအတိုင်းထိန်းသိမ်းထားရှိနိုင်ရေးနှင့် ခရီးသွားများစည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများအား ထိန်းသိမ်းကြပ်မတ်နိုင်ရေးတိုက်တွန်းကြောင်းအဆိုကို တင်သွင်းရာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်ကြီးခိုင်ထွန်းဦးက ထောက်ခံတင်ပြပြီး ယင်းအဆိုနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်တွင် လက်ခံဆွေးနွေးရန်သင့်မသင့် ကိုယ်စားလှယ်များ၏သဘောဆန္ဒကိုရယူရာ ကန့်ကွက်ရန်မရှိ သဘောတူညီကြသည့်အတွက် လက်ခံဆွေးနွေးရန်သဘောတူကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ယင်းနောက် ကရင်ပြည်နယ်ရေချိုငါးလုပ်ငန်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက ပြည်နယ်လွှတ်တော်သို့တင်သွင်းရာ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်နယ်ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင်တစ်ဦးက ဖတ်ကြားတင်ပြပြီး အဆိုပါဥပဒေကြမ်းကိုဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ဆက်လက်၍ ပြည်သူတို့၏တိုင်ကြားစာနှင့်အသနားခံစာဆိုင်ရာစိစစ်ရေးကော်မတီတွင် ကော်မတီဝင်(၁)ဦးထပ်မံ ဖြည့်စွက်တာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့ တင်ပြခဲ့ပြီး ကန့်ကွက်လိုသည့်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာကာ အစည်းအဝေးဒုတိယနေ့ ကို ရပ်နားခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)