လွိုင်ကော် ဇွန် ၁၉
ကယားပြည်နယ်အစိုးရအဖွဲ့က ဖားဆောင်းမြို့နယ်နှင့် မော်ချီးဒေသမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီ အခြေခံစားသောက်ကုန်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖားဆောင်းမြို့နယ်နှင့် မော်ချီးဒေသမှ ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဖားဆောင်းနှင့် မော်ချီးဒေသမှ ပြည်သူများအား မိမိတို့နေအိမ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုစွန့်ခွာ၍ လွိုင်ကော်မြို့သို့ လာရောက်နေထိုင်ရစဉ် ကြုံတွေ့ရသည့်အခက်အခဲများကို တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ပဋိပက္ခများနှင့် နယ်မြေဒေသ မတည်ငြိမ်မှုများဖြစ်ပေါ်ပါက ထိခိုက်နစ်နာမှုကို အများဆုံးခံစားရသူများမှာ ဒေသနေပြည်သူများ ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ပြည်သူများအတွက် လိုအပ်သည့် ကူညီဖြည့်ဆည်းမှုများနှင့်အတူ ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် မမှန်မကန် သွေးထိုးလှုံ့ဆော်မှုများ၊ ဖိအားပေးခြိမ်းခြောက်မှုများကို စဉ်းစားဆင်ခြင်တုံတရားနှင့်ယှဉ်၍ ပြတ်ပြတ်သားသား ဆန့်ကျင်ကျော်လွှားကြရန်တိုက်တွန်း ပြောကြားလိုကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဖားဆောင်းမြို့နယ်နှင့် မော်ချီးဒေသမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်နှင့် ဆီတို့ကိုပေးအပ်ရာ ကိုယ်စားလှယ်များကအသီးသီး လက်ခံရယူ ကြသည်။ ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖားဆောင်းမြို့နယ်နှင့် မော်ချီးဒေသမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်နှင့် ဆီတို့ကို ပေးအပ်ရာ ကိုယ်စားလှယ်များက အသီးသီးလက်ခံရယူကြသည်။
ထို့နောက် ယာယီနေရပ်စွန့်ခွာပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဖားဆောင်းမြို့နှင့် မော်ချီးဒေသမှ ပြည်သူများအား ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်အားပေးစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဖားဆောင်းမြို့နယ်မှ ပြည်သူ ၅၅၀ ဦးနှင့် မော်ချီးဒေသမှ ပြည်သူ ၂၉၅ ဦး၊ စုစုပေါင်း ပြည်သူ ၈၄၅ ဦးအတွက် တစ်ဦးလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သားနှုန်းဖြင့် ဆန် ၂၈၂ အိတ်၊ ဆီ ၄၂၃ ပိဿာကို ပေးအပ်ခဲ့သည့်အတွက် ပြည်သူများ လတ်တလောစားသောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)