လှိုင်းဘွဲမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး

လှိုင်းဘွဲ      ဇန်နဝါရီ  ၂၁

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ နှင့် အမျိုးသမီး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ အသိပညာပေး (Child Rights Law Awareness)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဦးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ဒုတိယညွန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် UNICEF အဖွဲ့မှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အရာရှိ ဒေါ်သီတာစိမ်းက ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဉပဒေတွင် ပါဝင်သောအကြောင်းအရာ များကို လည်းကောင်း၊ World Vision Myanmar အဖွဲ့ လှိုင်းဘွဲမြို့နယ် စီမံချက်မန်နေဂျာ ဒေါ်ခိုင်ယဉ်နုက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို လည်းကောင်း အသီးသီး ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကော်မတီ နှင့်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဦးစိုင်းရန်နောင်က (၂၄-၈-၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်ကို ဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများက ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ အသီးသီး ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)