ဘိုကလေး ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ အ.ထ.က(မြင်းကကုန်း)ကျောင်းမှ G-9 ကျောင်းသူ မစုရတီမြင့်နှင့် အ.လ.က(၂)ကျောင်းမှ G-9 ကျောင်းသား မောင်ဇွဲမြတ်ပိုင်လင်းတို့ လူရည်ချွန်(၂)ဦးပေါ်ထွက်ခဲ့ရာ၎င်းတို့အား မြို့နယ်အဆင့်ဂုဏ်ပြုပွဲအဖြစ်ယခုနှစ် မေလ(၁၁) ရက်နေ့က ဆောင်ရွက်ခဲ့ပြီးယနေ့နံနက် (၈)နာရီခွဲ အချိန်တွင် ဘိုကလေးမြို့၊ မြို့တော်ခန်းမ၌ အ.လ.က(၂)ကျောင်းအနေဖြင့် ၎င်းတို့ကျောင်းမှလူရည်ချွန် ဖြစ်သည့် G-9 ကျောင်းသား မောင်ဇွဲမြတ်ပိုင်လင်းအား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပသည်။
ထပ်ဆင့် ဂုဏ်ပြုပွဲသို့ မြို့နယ်ပညာရေးမှူး ဦးနန်းထိုက်ကျော်နှင့် ဝန်ထမ်းများ၊ အ.လ.က(၂) ကျောင်းအုပ်ဆရာကြီး ဦးမျိုးမြင့်နှင့် ဆရာ/မများ၊ ဂုဏ်ပြုခံ လူရည်ချွန် ကျောင်းသား မောင်ဇွဲမြတ်ပိုင်လင်းနှင့်မိဘများ၊ ကျောင်းသား/သူများ အင်အား (၃၀၀)ခန့်တက်ရောက်ကြပြီး မြို့နယ်ပညာရေးမှူး ဦးနန်းထိုက်ကျော်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများ၊ မိဘများကလူရည်ချွန် မောင်ဇွဲမြတ်ပိုင်လင်းအား ဂုဏ်ပြုဆုအသီးသီး ချီးမြင့်ခြင်း၊ မောင်ဇွဲမြတ်ပိုင်လင်းက လူရည်ချွန် အဖြစ် ရောက်ရှိအောင် ကြိုးစားဆောင်ရွက်ခဲ့ရသည့်အတွေ့အကြုံများရှင်းလင်းခြင်း၊ အ.လ.က (၂) ကျောင်းအုပ်ဆရာကြီး ဦးမျိုးမြင့်က အခမ်းအနားတက်ရောက်ဂုဏ်ပြု ကြသူများအား ကျေးဇူးတင်စကား ပြောကြားခြင်းတို့ ဆောင်ရွက်အပြီး လူရည်ချွန်အား မြို့တွင်းသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ဂုဏ်ပြုရာ အခြေခံပညာကျောင်းအသီးသီးမှ ဆရာ/မများ၊ ကျောင်းသား/သူများကလည်း ကြိုဆိုနှုတ်ဆက်၍ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြ ကြောင်းသိရသည်။
မိုးစက်(ဘိုကလေး)